Saturday, July 11, 2015

Evolve

First Person Shooter နှင့် Third Person Action ပုံစံနှစ်မျိုးပေါင်းစပ်ထားတဲ့ Evolve ဟာ Left 4 Dead ဂိမ်းတွေကို ရေးဆွဲခဲ့ပြီး နာမည်ကျော်ခဲ့တဲ့ Turtle Rock Studios အဖွဲ့ရဲ့ နောက်ဆုံးထွက်ဂိမ်းသစ်ဖြစ်ပြီး အရင် Left 4 Dead ဂိမ်းတွေလိုပဲ single player ထက် multiplayer ကိုအသားပေးထားတဲ့ ဂိမ်းသစ်တစ်ခုဖြစ်တာ တွေ့ရမှာပါ။ The Crew ၊ Titanfall နှင့် Destiny တို့လို single player campaign ကော offline gameplay support ပါလုံးဝ မပါဝင်ခဲ့တဲ့ နောက်ပိုင်းနာမည်ကြီးလာတဲ့ multiplayer ဂိမ်းတွေလိုမဟုတ်ဘဲ Evolve ရဲ့ကောင်းတဲ့အချက်ကတော့ missions based single player campaign နှင့်အတူ A.I bots တွေနှင့် တွဲဖက်ပြီးတော့ ကစားလို့ရတဲ့ အချက်ပဲဖြစ်ပါတယ်။ Single player campaign missions နှင့်အတူ bots တွေနှင့်တွဲဖက်ကစားပြီး ကစားဖို့အတွက် internet connection လိုအပ်မှာမဟုတ်ဘဲ offline ကစားနိုင်ပြီး multiplayer mode မှာ အခြားကစားသမားတွေနှင့် တွဲဖက်ကစားဖို့ကကော original ခွေဝယ်ယူဖို့လိုအပ်မှာပါ။
လူသားဇာတ်ကောင် လေးယောက်နှင့် ဂြိုဟ်သားသတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ပွဲနေရာကနေ 4 VS 1 ကစားရမည့်အတွက်ကြောင့် မထွက်ခင်အစောကြီး ကတည်းက ပရိသတ်စိတ်ဝင်စားမှုရရှိထားတဲ့ Evolve ဂိမ်းအနေနှင့် multiplayer တိုက်ပွဲတွေကိုပဲ အဓိကအသားပေးထားတယ်ဆိုပေမည့် နောက်ခံဇာတ်လမ်းနှင့် ဇာတ်ကောင်တွေအကြောင်းကိုလည်း သေချာစီစဉ်ပေးထားတာ တွေ့ရပါတယ်။ Evolve ဂိမ်းရဲ့ဇာတ်လမ်းနှင့် မြေပုံတွေဟာ Shear လို့အမည်ရတဲ့ အာကာသကိုလိုနီနယ်မြေအတွင်းက ဂြိုဟ်တစ်ခုမှာ ဇာတ်လမ်းဆင်ထားပါတယ်။ Shear ဂြိုဟ်ရဲ့ သယံဇာတတွေ တူးဖော်နေတဲ့နေရာတွေကို ဂြိုဟ်သားသတ္တဝါကြီးတွေက ဝင်ရောက်တိုက်ခိုက်လို့ ကြေးစားတပ်သားခေါင်းဆောင် William Cabot နှင့်အဖွဲ့ဝင်တွေက လာရောက်ကယ်ဆက်ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။
လူသားတပ်ဖွဲ့နေအနေနှင့် Assault၊ Trapper၊ Medic နှင့် Support ဆိုပြီး ပင်မ main class လေးမျိုးခွဲထားပြီး level တက်ပြီးတဲ့အခါတွေမှာ ရှိပြီးသား class ကနေမှ new character တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Assault Class မှာဆိုရင် Lightning Gun နှင့် Assault Rifle နှင့်အတူ ထောင်ချောက်မိုင်းတွေတတ်ဆင်နိုင်တဲ့ Markov ကနေ level တက်သွားရင် flamethrower နှင့် minigun တွေသုံးနိုင်တဲ့ Hyde ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Level တက်လို့ အကောင်သစ်တွေရတယ် ဆိုပေမည့် gameplay ပိုင်းအနေနှင့် အများကြီးပိုသာလာတာ မဟုတ်ဘဲ နည်းဗျူဟာပိုင်းအရ ရွေးချယ်စရာ ဇာတ်ကောင်တွေ ပိုများလာတာ ဖြစ်တဲ့အတွက် အစောကြီးကတည်းက unlock ဖြစ်ပြီးသား ဇာတ်ကောင်တွေကိုပဲ ကိုင်တွယ်မယ်ဆိုလည်း အဆင်ပြေမှာပါ။ အဓိကအရေးကြီးတဲ့အချက်ကတော့ သတ်မှတ်ထားတဲ့ class လေးမျိုးလုံးက တိုက်ပွဲထဲမှာ ပါဝင်ရမှာဖြစ်လို့ Assault နှစ်ယောက်တို့ Medic နှစ်ယောက်တို့ကိုင်နိုင်မှာမဟုတ်တဲ့အတွက် ဘယ်လိုဇာတ်ကောင်တွေ ကိုင်တွယ်မယ်ဆိုတာကို ကြိုတင်ရွေးချယ်ပြီး လေ့ကျင့်ထားသင့်ပါတယ်။ ရန်သူ Monster ကြီးတွေကို တိုက်ခိုက်ဖို့ Assault class ရဲ့ damage output လိုအပ်မှာဖြစ်သလို Monster ကိုထွက်မပြေးသွားအောင် ထိန်းနိုင်တဲ့ Trapper နှင့် နည်းမျိုးစုံဖြင့် တိုက်ပွဲအောင်မြင်အောင် ကူညီပေးမည့် Medic နှင့် Support တို့ကလည်း အရေးပါတဲ့အတွက် A.I bots နဲ့ကစားရင် သိပ်မသိသာပေမည့် အခြားကစားသမားတွေနှင့် online ချိပ်ကစားမည်ဆိုရင်တော့ ကိုယ့်ဇာတ်ကောင်ရဲ့တာဝန်ကို သေချာထမ်းဆောင်နိုင်ရင် ကစားပွဲက ပိုပြီးပျော်ဖို့ကောင်းလာမှာ သေချာပါတယ်။
Evolve ဂိမ်းရဲ့အဓိက game mode ကတော့ Hunt Mode ဖြစ်ပြီး level-1 ကနေစတင်တဲ့ Monster နောက်ကို Hunters လေးယောက်ကလိုက်ဖမ်းရမှာဖြစ်ပြီး Monster အနေနှင့်ကလည်း အကောင်ပိုကြီးပြီး level တက်လာအောင် Hunter လက်ကရှောင်ရင်း ကစားရမှာဖြစ်ပါတယ်။ Level အမြင့်ဆုံးရောက်ပြီးတော့ Hunter လေးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အချိန်မှာတော့ အခြား competitive multiplayer game တွေနှင့် ပုံစံကွဲပြားတဲ့ အရသာကို ခံစားရမှာပါ။ လောလောဆယ် Monster ငါးကောင်လာမယ် ကြော်ငြာထားပြီး ကျန်တဲ့နှစ်ကောင်ကတော့ DLC အဖြစ်မကြာခင်ထွက်လာမယ်လို့ Turtle Rock Studios ကပြောထားပါတယ်။ Monster အနေနှင့် မြေပုံပေါ်က အကောင်သေးလေးတွေကို စားပြီး level တက်နိုင်သလို Hunter အဖွဲ့ကလည်း သူစားမည့်အကောင်တွေကို ကြိုပြီးသတ်တာမျိုးတွေ၊ နည်းမျိုးစုံသုံးပြီး နောက်ယောင်ခံ လိုက်တာတွေက Hunt Mode ရဲ့ ရင်ခုန်စရာကောင်းတဲ့ အချက်တွေဖြစ်ပါတယ်။ Nest Mode မှာတော့ Monster အသိုက်တွေကို Hunters တွေက လိုက်လံဖျက်ဆီးရမှာဖြစ်ပြီး Defend Mode ကတော့ လူသားတွေရဲ့ စခန်းကို Monster တွေရန်မှ ကာကွယ်ရမှာဖြစ်ပြီး ဂြိုဟ်သားအလတ်စားအရွယ် Minions တွေလည်း ပါဝင်ထားလို့ Hunt Mode လို နေရာစုံလိုက်ရှာရမှာ မဟုတ်ဘဲ ထိပ်တိုက်တိုက်ခိုက်ချင်သူတွေ အတွက်အဆင်ပြေမှာပါ။
Turtle Rock Studios ရဲ့ Evolve ဟာ စကစားတဲ့အချိန်မှာ Monster တစ်ကောင်နှင့် Hunter လေးယောက်သာရွေးချယ်နိုင်ပေမည့် level တက်လာတာနှင့်အမျှ ရွေးချယ်စရာဇာတ်ကောင်တွေကော လက်နက်နှင့် Monster တွေရဲ့ special ability တွေပါ ပိုများလာတဲ့အတွက် ကြာလေဆော့လို့ ပိုကောင်းလေပါပဲ။ အစပိုင်း level တင်ချိန်ကတော့ စိတ်နည်းနည်းရှည်ဖို့ လိုပေမည့် offline mode ကစားပြီးတော့ အကောင်မျိုးစုံစမ်းကိုင်ကြည့်ပြီး ကြိုက်တယ်ဆိုရင်တော့ original ဝယ်ပြီး online multiplayer ဆက်လက်ကစားသင့်တဲ့ FPS ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***




                                                                                                       Direct Download ISO(26.48 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...